ဗန်ဒါလွမ်း
|
30 September, 2010
|
3 comments
အော်...အခုတလော မန်ယူကိုအားပေးရတာ အားရမှုမရှိလှ။ အခုမှလားဆိုတော့ မဟုတ်၊ ကြာတော့ကြာပါပီ၊ အရင်အချိန်တွေကဆို မန်ယူပွဲရှိပီဆိုသည်နှင့် အနိုင်အရှုံးကို စဉ်းစားနေစရာမလို။ အချိန်တန်မန်ယူပဲ နိုင်သွားသည်။ ဘယ်လိုကစားကွက်လေးနဲ့ အနိုင်ယူမလဲ ဘယ်နှစ်ဂိုးသွင်းလိုက်မလဲ ဘယ်သူတွေလှလှပပဂိုးသွင်းလိုက်မလဲ ဒါလေးတွေပဲတွေးပီး စောင့်ကြည့်လိုက်ယုံသာ။ အခုတော့ မန်ယူဟာ အရင်က မန်ယူမဟုတ်တော့ပီ။ ကစားတာကိုလဲ အားမရ။ အနိုင်အရှုံးကလဲ ရင်တမမ။ ဖလားကလဲ မမြင်ရ ဒီတော့ မန်ယူဖန်တွေ မျက်နှာငယ်ရပီပေါ့။ ဒီလိုတွေ ဖြစ်နေရတာ ဘာတွေလိုအပ် နေလို့လဲ၊ကျနော်တွေးထားတာလေးတွေကို မျှဝေကြည့်မယ်ဗျာ။ အားလုံးရဲ့ အမြင်နဲ့တော့ ကိုက်ညီမှု ရှိချင်မှ ရှိလိမ့်မယ်ပေါ့။ ကျနော်ဆိုတဲ့လူကလဲ တကယ်တော့ ဘောလုံးပွဲအကြောင်း ကောင်းကောင်းသိတဲ့သူ မဟုတ်လေတော့ လွဲတာတွေပဲ များမယ်ထင်ပါရဲ့ဗျာ။ ကဲဗျာ... မန်ယူအကြောင်း ဆက်ရအောင်ပါ။ မန်ယူအကြောင်းပြောမယ်ဆိုတော့ ပိုင်ရှင်ကအစ ဘောလုံးသမား အကုန်လုံးပဲ ပြောပရစေဗျာ။
မန်ယူပိုင်ရှင် ဂလေဇာ

သူ့အကြောင်းကလဲ မပြောလို့မဖြစ်။ ဘောလုံးအသင်းတသင်းအောင်မြင်မှုတွေမှာ ပိုင်ရှင်ကလဲ အဓိကအခန်းကဏ္ဍကနေ ပါဝင်မယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ချဲဆီးသူဌေးကိုပဲ ကြည့်ပါ။ချဲဆီးကို မိုဗစ်မပိုင်ခင်တုန်းက ချဲဆီးဆိုတာ လူသိနည်း အောင်မြင်မှုမရှိသေးတဲ့ အသင်းပါ။ ဟော...မိုဗစ်လဲ ၀ယ်လိုက်ရော ဘောလုံးဇာတ်ခုံမှာ ငွေလမ်းခင်းပီး ဖလားတွေယူလိုက်တာ ချဲဆီးဆိုတာ လူသိများ လာရပီပေါ့။ဘောလုံးသမားကောင်းတွေဝယ်၊ နည်းပြကောင်းကောင်းတွေငှား ဖလားတွေရအောင်ယူ၊ ငွေဆိုတာ အရာရာကို မဖန်တီးနိုင်ဘူးဆိုပေမယ့် ချဲဆီးကတော့ ငွေလမ်းခင်းပီး ဖလားတွေ ယူသွားတယ်ဗျာ။ အားကျလိုက်ပါဘိ သူဌေးကြီး မိုဗစ်ကို။အခုတော့ဗျာ မန်ယူသူဌေး ဂလေဇာကိုကြည့်။ အောင်မြင်မှုတွေ ရနေတဲ့ မန်ယူအသင်းကို အကြွေးနဲ့ ၀ယ်လိုက်တယ်။ ဘောလုံးသမားကိုတော့ ရောင်းစား။ နည်းပြကလိုအပ်နေတဲ့ ဘောလုံးသမားကျတော့ မ၀ယ်ပေးချင်။သူမန်ယူကို ပိုင်ဆိုင်ချင်တာ ဘောလုံးကို ချစ်လို့မှ မဟုတ်ပဲ။ သူချစ်တာက ငွေလေ။ ငွေမျက်နှာပဲ ကြည့်တာဆိုတော့ ကျနော်တို့ မန်ယူလေး ရေတိမ်နစ်ရပီပေါ့။ ရော်နယ်ဒိုကိုရောင်းလို့ရတဲ့ငွေတွေလဲ ဘယ်ရောက်ကုန်မှန်းမသိ။ အကြွေးလဲ မဆပ်။ အော်....မန်ယူပိုင်ရှင် ဂလေဇာကြောင့် ကျနော်တို့ မန်ယူဖန်လေးတွေ ရင်လေးလိုက်ပါဘိ။ အကြွေးတွေ မဆပ်နိုင်လို့ လီဗာပူးအသင်းလို မဖြစ်အောင် ဆုတောင်းနေရတာလဲ အမော။ ထားပါတော့ဗျာ သူ့အကြောင်းတွေ ပြောနေလို့ ရင်ပူယုံက လွဲလို့ ဘာမှတတ်နိုင်မှာမှ မဟုတ်တာ။ ကျနော်ပြောချင်တာကတော့ ဘောလုံးအသင်း အောင်မြင်မှုမှာ အသင်းပိုင်ရှင်လဲ လိုအပ်တယ်ဆိုတာပါပဲ။ နောက်တစ်ယောက် ဆက်ကြအုံးစို့...။
မန်ယူနည်းပြ ဖာဂူဆန်
ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးကန်တတ်တဲ့သူ ရှိနေတာနဲ့ မပီးသေးပါဘူး။ နည်းစနစ်မရှိဘူးဆို ဘောလုံးကန်တဲ့သူတွေ တောင်ကန်မြောက်ကန် ကန်နေမှာပေါ့။ ဟော... ဒီအသင်းနဲ့တွေ့ရင် ဘယ်လိုဗျူဟာတွေနဲ့ ကန်မယ်။ ဒီအသင်းကိုတော့ ဘယ်လူစာရင်းနဲ့ ကန်မယ်။ အဲဒီလို နည်းစနစ်လေးတွေနဲ့မှ ရသမြောက်တဲ့ ဘောလုံးပွဲ တစ်ပွဲဖြစ်ပေမပေါ့။ ဒီတော့ ဘောလုံးအသင်းတသင်းမှာ ဘာလိုအပ်သလဲဆိုရင် နည်းစနစ်ကျွမ်းကျင်တဲ့ ဘောလုံးဗျူဟာတွေ ကျွမ်းကျင်တဲ့ နည်းပြတယောက်လိုပီပေါ့။ ကျနော်တို့ မန်ယူအသင်းမှာ ကြည့်လိုက်ပါ အရည်အချင်းပြည့်ဝတဲ့ ဘောလုံးအသိုင်းအ၀ိုင်းက လေးစားရတဲ့ နည်းပြကြီးတစ်ဦး ရှိပါတယ်။ သူကတော့ အောင်မြင်မှုတွေ များလို့ လူတွေလုပ်ပြနိုင်ခဲတာကို လုပ်ပြခဲ့လို့ အင်္ဂလန်ဘုရင်မကြီးကတောင် ဆာဘွဲ့ချီးမြင့် ခဲ့တဲ့ ကျနော်တို့မန်ယူအသင်းရဲ့ နည်းပြကြီးဖာဂူဆန်ပါ။
မန်ယူနည်းပြကြီးဖာဂူဆန်လက်ထက်မှာ နာမည်ကြီးပီး ကမ္ဘာကျော်သွားကြတဲ့ ဘောလုံးသမားတွေ မနည်းပါဘူး။ ကျနော်တို့ သိတဲ့ ဒေးဗစ်ဘက်ခမ်း၊ရော်နယ်ဒို၊ရွန်းနေစတဲ့ ကစားသမားတွေဟာ ဖာဂူဆန်သင်ပြမွေးထုပ်ပေးလိုက်လို့ လူလားမြောက်လာကြတဲ့ ဘောလုံးသမား လူစွမ်းကောင်းလေးတွေဆို မမှာပါဘူး။
နည်းပြကြီး ဖာဂူဆန် မွေးထုပ်ပေးလိုက်တဲ့ ဘောလုံးသမားကောင်းတွေကတော့ အများကြီးပေါ့။ ကျနော်က တယောက်နှစ်ယောက်လောက်ပဲပြောပြတာပါ။ မန်ယူမှာ ကစားချင်တဲ့ တခြားအသင်းက ဘောလုံးအစွမ်းအစရှိတဲ့ လူတွေကို ခေါ်ယူနိုင်တာတွေကလဲ နည်းပြကြီးဖာဂူဆန်ရဲ့ အရှိန်အ၀ါတွေ ပါပါတယ်။သူတို့လိုချင်တဲ့ လစာကိုလဲညှိနှိုင်းပီး ခေါ်ယူနိုင်ဖို့တော့ လိုတာပေါ့။ ရှိနေတဲ့ကစားသမားတွေနဲ့ အောင်မြင်မှုကိုရအောင်ယူနိုင်တာ ဖာဂူဆန်ရဲ့ အရည်အချင်းတစ်ခုပါ။ လူငယ်တွေနဲ့လူကြီးတွေပေါင်းစပ်ပီး ချန်ပီယံလိဂ်ဖလားကြီးအရယူပြခဲ့တာပဲကြည့်ပါတော့။
အဲ…ဒါပေမယ့် တစ်ခုတော့ ပြောချင်တယ်ဗျ။ အခုတလော ကျနော်တို့ နည်းပြကြီး ဘာတွေလုပ်နေမှန်းမသိဘူး။ ခေါင်းကလဲ မာလိုက်တာဗျာ။ ကန်နေတဲ့ပွဲစဉ်တစ်ခုမှာ ခြေစွမ်းမပြနိုင်တဲ့ ဘောလုံးသမားကို အချိန်မှီ လူစားမလဲဘူးဗျာ။ ခေါင်းမာပီးပေနေတယ်။ ပွဲပီးခါနီးရင်တော့ လုပ်ပါပီ။ ကျနော်သဘောမကျတာတစ်ခုက မိနစ် ၇၀မကျော်မခြင်း လူစားလဲတာတွေ သိပ်လုပ်တာမတွေ့ရဘူးဗျ။ အဲဒါတော့ သဘောမကျဘူး။ နောက်တခုက သူဌေးအလိုကျ လိုက်နေတာကိုလဲ သိပ်သဘောမတွေ့လှဘူးဗျာ။ ဒါပေမယ့် သူဌေးနဲ့ ပရိသတ်ကြား အဆင်ပြေအောင် ထိန်းထားရင်း သူတည်ဆောက်ထားတဲ့ မန်ယူအသင်းကို ထိန်းထားတဲ့စွမ်းရည်ကိုတော့ သဘောကျလှသဗျာ။ အဲဒီလိုမထိန်းနိုင်ဘူးဆိုရင်တော့ မန်ယူအသင်းပျက်ဆီးဖို့ လမ်းစတစ်ခုပဲလို့ ကျနော်ထင်ပါတယ်။ အသက်အရွယ်ကိုမကြည့်ပဲ မန်ယူအတွက် အောင်မြင်မှုတွေ ယူပေးနေတဲ့ ဆရာကြီးဖာဂူဆန်ကိုလဲ ကျနော်တို့ မန်ယူဖန်တွေ ကျေးဇူးတင်နေမှာပါဗျာ။ မန်ယူအတွက် ဖာဂူဆန်ဟာ ပြီးပြည့်စုံတဲ့ နည်းပြကြီးလို့ ဆိုလိုက်ချင်ပါတယ်။ ကဲ….ဆက်ကြအုံးစို့….။
ဂိုးသမား
အခုလက်ရှိမန်ယူဂိုးသမားကတော့ အားလုံးသိကြတဲ့ အသက်ကြီးပေမယ့် မပျက်ဆီးသေးပါဘူးဆိုတဲ့ ဂိုးသမားကြီး ဗန်ဒါဆားပေါ့။ မန်ယူသမိုင်းမှာ ဂိုးသမားကောင်းတွေ တော်တော်များများ ထွက်ပေါ်ခဲ့ပါတယ်။ လက်စွမ်းညံ့တဲ့ဂိုးသမားဆိုလို့ ၂ယောက်လောက်ပဲ ရှိခဲ့ဖူးပါတယ်။ အဲဒီ ၂ယောက်ကတော့ ရိုင်းကာရိုးလ်နဲ့ တင်းဟောင်းဝပ်ပါ။ အဲဒီ၂ယောက်က မန်ယူအသင်းနဲ့ အောင်မြင်မှုမရခဲ့ပါဘူး။ အခုဗန်ဒါဆားဆိုရင်ဗျာ အသက်အရွယ်နဲ့မလိုက်အောင်ကို လက်စွမ်းတွေ ပြနေပါတယ်။ အရပ်ကလဲရှည်ဆိုတော့ အပေါ်ဘောတွေ ကာကွယ်ရာမှာ တော်တော်စိတ်ချရတယ်ဗျာ။ လက်ရှိမန်ယူအသင်းအတွက် ဂိုးသမားနေရာမှာ လိုအပ်ချက် မရှိဘူးလို့ ထင်ပါတယ်။ အရံဂိုးသမားကုဇက်ကလဲ အဆင့်ရှိတဲ့ဂိုးသမားတယောက်ပါ။ ဗန်ဒါဆားလို အတွေ့အကြုံလေး ရှိလိုက်မယ်ဆိုရင်တော့ သူလဲ စွမ်းရည်ပြည့်ဂိုးသမားပါ။ ဒီတော့ မန်ယူအတွက် လက်ရှိမှာ ဂိုးသမားနေရာက လိုအပ်ချက်မရှိဘူးလို့ ထင်ပါတယ်။
(ကဲ….ကျနော်ရေးတာလဲရှည်သွားပီဆိုတော့ ဒီလောက်နဲ့ ခဏရပ်လိုက်အုံးမယ်ဗျာ။ နောက်တခါ နောက်တန်း၊အလယ်တန်း၊ ရှေ့တန်းက ဘောလုံးသမားတွေ အကြောင်း ဆက်လက်ကျိုးစား တင်ပြပါအုံးမယ်)
Filed Under:
Fan Discussion
,
Featured
,
Match Review
အပိုင်း(၂) ကို စောင့်မျှော်နေပါတယ်ဗျာ မြန်မြန်ရေးပေး ဒါဗြဲ ...........
မန်ယူအကြောင်းဆို စိတ်ဝင်တစ်စား အားပေးနေပါတယ်
အရမ်းကောင်းပါတယ်ဗျာ ခုလိုမျိုး သုံးသပ်ချက်လေးတွေ ဖတ်ရတာ...။
ဒုတိယပိုင်းမျှော် နေမယ်ဗျို့ :)
ခံစားပြီးဝေဖန်ထားတာလေးတွေသဘောတွေ့ တယ်ဗျာ.. နောက်လဲအားပေးပါရစေဦး